Sunday, July 19, 2009

ဇူလိုင် ၁၉

ဒီနေ့ဟာဆိုရင် ဗမာပြည်သူ၊ ပြည်သားတွေ အားလုံးရဲ့ ကျေးဇူးရှင် ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တာ နှစ်ပေါင်း၆၂နှစ်တိတိ ပြည့်တဲ့နေ့ပါပဲ။ ဘယ်သူတွေဘယ်လိုပဲဖျောက်ဖျက်ဖို့ကြိုးစား၊ ကြိုးစား ဒီနေ့ဟာ လွန်ခဲ့တဲ့ ၆၂နှစ် အတိအကျဆိုရင် ၁၉၄၇၊ ဇူလိုင်လ၊ ၁၉ရက်နေ့ဟာ ဗမာတနိုင်ငံလုံး ကံဆိုးမိုးမှောင်ကျတဲ့နေ့၊ တနည်းအားဖြင့် ဗမာတမျိုးသားလုံးနီးပါး(အကုန်လုံးကိုမပြောပါ) အတွက် ဘယ်လိုမှအစားထိုးလို့မရတော့တဲ့ ဆုံးရှုံးမှု၊ မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရတဲ့နေ့ပါပဲ။
ဒီလိုနေ့မှာ ကျွန်တော့်အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ရှားပါးတဲ့ မိန့်ခွန်းများထဲက မှတ်သားဖွယ်ရာ၊ လိုက်နာကျင့်သုံးဖွယ်ရာ၊ လေးစားအားကျဖွယ်ရာ ကောင်းတဲ့ စကားလုံးများကို ကောက်နှုတ်တင်ပြချင်ပါတယ်။ ဒီလိုတင်ပြချင်တဲ့ အဓိကအကြောင်းကတော့ ယနေ့ခေတ် လူငယ်အတော်များများ မသိခဲ့တာတွေရှိကောင်း၊ ရှိနိုင်မယ်ထင်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။ ပြီးတော့ကာ... ယနေ့အချိန်မှာ အာဇာနည်နေ့ရယ်လို့ မရှိတော့လောက်အောင် ဖျောက်ဖျက်ဖို့ ကြိုးစားနေကြလို့ သိပြီးတဲ့သူတွေလဲ ပိုသိလာအောင်၊ မသိသေးတဲ့သူများလဲ သတိထားမိ လာအောင် ရယ်ကြောင့် ကျွန်တော် ဒီစာ ရေးသားလိုက်ပါတယ်... ခင်ဗျား...။ ထိုခေတ် အရေးအသားများဖြင့်သာ ဖော်ပြပါမည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၆ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ရက်နေ့ ညနေ ၇နာရီ၊ ၁၅မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့် မိန့်ခွန်းထဲက မှတ်သားဖွယ်ရာ မိန့်ခွန်းတချို့.................................
သတ္တိစမ်းမယ် ဆိုရင်တော့ ဗမာ့လွတ်လပ်ရေး အတွက် တကယ်တမ်း၊ လုပ်တမ်းဆိုရင် ထွက်ခဲ့ပါ။ မဟိန်းတမ်း မဟောက်တမ်း၊ တကယ်လုပ်တမ်း ပြိုင်ရဲပါတယ်။ ကျုပ်အကြောင်းတွေလဲ ခင်ဗျားတို့ သိတန်သလောက် သိကြမှာပဲ၊ ဒါပေမဲ့အကုန်တော့ ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ ကျုပ်ကလဲ မကြွားချင်ပါဘူး။ ကျုပ်နိုင်ငံရေး လုပ်နေတာ ကြွားချင်လို့လဲ လုပ်နေတာ မဟုတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရစေချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။ နိုင်ငံရေးလုပ်တာ ကျုပ်အဘို့မယ် မြတ်တယ်လို့ကိုမထင်ဘူး၊ အရှုံးနဲ့ချည်း လုပ်နေရတာဘဲ။ ယခုဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့မှာ ဘာမှထူးထူးခြားခြင်း မရှိဘူး။ ဂျပန်ခေတ် တခေတ်လုံးကလည်း စစ်ဝန်ကြီးဆိုပြီး ကျွန်တော့မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိခဲ့ဘူး။ ခုခေတ်ရောက်ပြန်တော့ ဒါတွေကိုဝတ်နေရတာဘဲ၊ ယခုဝတ်နေတဲ့ ဘောင်းဘီနှင့်အင်္ကျီတောင် ယခုဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခုဝန်ကြီးအဖြစ်နှင့် လခဘယ်လောက် ယူမယ်ဆိုတာ ဖ၊ဆ၊ပ၊လ က မဆုံးဖြတ်သေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံလောက်က ပိုမှာမဟုတ်ဘူး။ ပိုက်ဆံမရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက်များ တက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တင်ထိုင်နေရတာနဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး၊ မျက်စေ့မှိတ်ပီး စွန့်ယူရတာဘဲ။ လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ဂုဏ်ကို၊ ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ၊ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။ အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖေါ် လုပ်ဖက်တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ် ခေါင်းဆောင်တွေရော၊ တခြား ဖ၊ဆ၊ပ၊လ ပြင်ဘက်က ခေါင်းဆောင်တွေရော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ်နောက်ဆုံးစကား ဆိုလိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ ဇန်နဝါရီလ၊ ၁ရက်နေ့ ည ၇နာရီ၊ မိနစ်၄၀ အချိန်တွင်၊ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့် ဟောပြောချက်များမှ မှတ်သားဖွယ်ရာတချို့
လွတ်လပ်ရေးဆိုတာ တောင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သူများနို့သက်စို့ခံယူတဲ့ အခွင့်အရေးမျိုး မဟုတ်ဘူး။ မိုးပေါ်က အလိုအလျောက် ကျမလာနိုင်ဘူး။ အမှန်စင်စစ် တော်လှန်ရေး ဆိုတာဘာလဲ။ ကျုပ်အမြင် ပြောရမယ်ဆိုရင် တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်တဲ့ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာ မဟုတ်ဘူး။ လက်ရှိစံနစ်ဟောင်းကို တော်လှန်ပြီး စံနစ်သစ် ဘွားကနဲ ပေါ်ပေါက်လာတာကို ဆိုတာဘဲ။ အဲဒီတော့ တော်လှန်ရေးဆိုတာ တစပ်ထဲဖြစ်နေတာဘဲ။ တချက်တချက်ကျမှ ဘွားကနဲ၊ ဘွားကနဲ၊ အရေအတွက်ကနေပြီး အရည်အချင်း ပြောင်းလွဲမှုကြီးတွေ ဖြစ်တာကို တော်လှန်ရေးလို့ ဆိုတာဘဲ။ ဘာပဲဖြစ်ဖြစ် စတိုက်ခိုက်ချင်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အပင်ပန်းခံပြီး ကျုပ်တို့တစ်တပ်လုံး တိုက်နေတာဟာ လူတစုတည်း ကောင်းစားဘို့လဲ မဟုတ်ဘူး၊ ကျုပ်တို့ ကိုယ်ရေးကိုယ်တာ ကောင်းစားမှုအတွက်လောက်လဲ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ တိုင်းပြည်ကြီး၏ လူထုကောင်းစားရေးကိုသာ ရည်ရွယ်ပြီးတိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ မတ်လ၊ ၇ရက်နေ့၊ ညနေ ၆နာရီ၊ ၃၈မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား၊ ဗမာ့အသံမှ ဘတ်ကြားအသံလွှင့်ချက်ထဲမှ မှတ်သားဖွယ်ရာ တချို့
ကျားနှင့် ရင်ဆိုင်တွေ့သည့် အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီးထိုင်နေ၍ မဖြစ်သကဲ့သို့ ဗမာ့သေရေး၊ ရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့သည့် အခါတွင်လည်း မကျေနပ်မှု အသေးအဖွဲကလေးတွေကို ရိုးမယ်ဖွဲ့ မနေကြနှင့်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ မတ်လ၊ ၁၃ရက်နေ့၊ ညနေ ၇နာရီ၊ မိနစ်၃၀ အချိန်တွင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်မိန့်ခွန်း ထဲမှ မှတ်သားဖွယ်ရာ တချို့
အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေးအတိုက်အခံ သမားတွေကို နှိပ်စက်ညှဉ်းပန်းတာ မလုပ်ဘူး။ စည်းကမ်းမဲ့ တရားလွန် တိုင်းပြည်အကျိုးမယ့် ဆူပူအောင်လုပ်ရင် ကြည့်မနေနိုင်ဘူး။ လူမိုက်လုပ်မည်ကြံတဲ့ ရန်သူတွေကို လူမိုက်နည်းတွေနဲ့ဘဲ ပြန်တိုက်ရမယ်။ လူလိမ္မာလုပ်ပြီး လိမ်မဲ့ ရန်သူတွေကို လူလိမ္မာနည်းတွေနဲ့ဘဲ ပြန်တိုက်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံရေးဘဲ။ နိဗ္ဓာန်ရောက်အောင် လုပ်နေကြတာ မဟုတ်ဘူး။ သို့သော် ငါတို့ကစပြီး မညစ်ပတ်ပါနှင့်၊ မမိုက်ကြပါနှင့် မမှုလောက်တဲ့ နေရာမှာလဲ အရေးမစိုကက်နှင့် လျစ်လျူရှုထားကြဘို့ လိုတယ်။ ဘယ်နေရာမဆို စည်းကမ်းသေဝပ်မှုကို အဓိကပြုဘို့အရေးကြီးတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ မတ်လ၂၁ရက်နေ့၊ ည ၈နာရီ၊ မိနစ် ၃၀အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်ချက်မှ မှတ်သားဖွယ်ရာ တချို့်
ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမှ မလုပ်နိုင်ရင် ကျွန်တော်တို့ ဗမာပြည်ကလူတွေဟာ နစ်နာမယ်။ တောင်သူလယ်သမားတွေဟာ၊ ဗမာပြည်မှာ လူများစုဖြစ်တယ်၊ လွတ်လပ်ရေးရတဲ့အခါမှာ၊ ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ပါလာမယ်၊ တောင်သူလယ်သမား လူများစုရဲ့ အခွင့်အရေးမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ခုနှစ်၊ ဧပြီလ၊ ၅ရက်နေ့၊ ညနေ ၆နာရီ၊ ၃၃မိနစ် အချိန်တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိန့်ကြားချက်များမှ တချို့
ခပ်ရှင်းရှင်းပြောရရင်၊ ယနေ့အထိ ကျွန်တော်တို့တတွေရဲ့ လုပ်ပုံ၊ ကိုင်ပုံတွေဟာ ဘာမှကျေနပ်စရာ မရှိသေးဘူး။ အတိအကျဆုံးဖြတ်ဘို့ အရေးကြီးတဲ့အခါ ကျွန်တော်တို့တတွေ၊ တွေဝေနေကြတယ်။ ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ၊ ချီတုံ၊ချတုံ ဖြစ်နေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ် ထင်ရာကို မလုပ်ရဲတာဘဲ။ ကိုယ့်စိတ်ထဲက အလုပ်တခုဟာ ဘယ်လောက်ပင် မှန်တယ်လို့ ထင်နေပေစေ၊ ဘယ်သူ ဘယ်လိုထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေတွေးပြီး ယုံတာကတမျိုး၊ လုပ်တာကတမျိုး ဖြစ်ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်လုပ်ရမယ့် လူတွေနဲ့တော့ ပြဒါးတလမ်း၊ သံတလမ်းဘဲ။ ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်။ ကောင်းမယ်၊ မှန်တယ်ထင်လို့ရှိရင် အသက်စွန့်ရဲတယ်။ ခေါင်းဆောင်ပီပီ ရှေ့ကခေါင်းဆောင်ဟာ မခိုမကပ်ဘဲ လုပ်မယ်ဆိုရင် အောင်မှာဘဲ၊ ကိုယ့်တပ်လုံရင် တခြားက လာမတိုက်နိုင်ဘူး။ ကိုယ့်ကိုယ်ကို မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။ နိုင်ငံရေး လုပ်နေကြတဲ့နေရာမယ် အထူးသဖြင့် ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ယောင်ချာချာလုပ်ရင် ခေါင်းဆောင် မဟုတ်ဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၃ရက်နေ့တွင် မြို့တော်ခန်းမကြီး၌ မိန့်ကြားသည့် မိန့်ခွန်းများမှ တချို့
ယခုနေခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့လူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပါတ်တစ် တွေဖြစ်တယ် (သြဘာသံများ)။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္ဓ လုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရ ဖြစ်နေတာ၊ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တစ်နေ့မှာ ကျုပ်တို့လဲ မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လည်းဘဲ တနှစ်လောက် ကျုပ်တို့ကိုစောင့်ကြည့်တဲ့ အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးလား၊ ရာဇဝင်မှာ အထင်းခံမယ့် လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။
ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိလျှင်၊ ကျုပ်တို့လဲ မလွတ်ကင်းဘူး။ လွတ်လပ်ရေးဆိုတာ ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဘို့ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဘို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ တခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးဘဲ။ ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်းပြောရရင်၊ စကားခပ်ရိုင်းရိုင်း ပြောရတယ်ဆိုတာ၊ စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိတယ်။ စကားခပ်ရိုင်းရိုင်းဆိုရင်၊ အတော့ကို ပြဲအောင်၊ ကြိုးစားမှ၊ လုပ်နိုင်မှ အဲဒါအတော့ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ၊ အနှစ်၂၀လောက် ရှိတဲ့အခါ တော်ကာကျမယ်။ တိုင်းရင်းသားအချင်းချင်း ညီညွှတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွှတ်ရေး၊ အဲဒီနှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်၊ လွတ်လပ်ငြားသော်လဲ၊ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲ လို့ ကျွန်တော်ပြောချင်တယ်။ ဗမာစကားလည်း ရှိတယ်။
အင်္ဂလိပ်စကားလည်း ရှိတယ်။ အင်္ဂလိပ်စကားကတော့ Don't follow till you are out of the wood. အရင်တခါလည်း ကျွန်တော် ပြောပြီးပါပြီ။ စစ်ပွဲကြီး အတွင်းက၊ တောကြီးမျက်မဲအတွင်းက မထွက်မိခင်၊ ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့ ဆိုတဲ့သဘောဘဲ။ ဒီအတိုင်းဘဲ ကျွန်တော်ကတခါ ခြင်္သေ့မင်းဥပမာကို ပြောရမယ်ယင်၊ ခြင်္သေ့မင်းများဟာ တောကောင်လိုက်တဲ့ နေရာမှာ၊ ကြီးတာ၊ ငယ်တာ ပဓါနမထားဘဲနဲ့၊ ကြီးကြီးငယ်ငယ်၊ လုံ့လစိုက်တဲ့ နေရာမှာ၊ အဲဒီအတိုင်းဘဲ လုံ့လစိုက်သွားတယ်။ အဲဒီလိုထုံးအတိုင်းဘဲ၊ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့ ကြိုးစားမှုကို လျော့လို့ မဖြစ်နိုင်ဘူး၊ လုံ့လဝိရိယကို ဆထက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဘို့လိုတယ်။ ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့် တစ်ခုရှိလဲဆိုရင်၊ ဒါကလည်းဘဲ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့ အခါလှေပြိုင်ပွဲ တစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်တဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ လှေနှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့ အစင်းက ပန်းတိုင်မရောက်သေးဘူး ရှေ့ကိုနဲနဲရောက်တယ် ဆိုယင်ဘဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ ရှုံးတဲ့နောက်ကနေတဲ့ လှေကလဲဘဲ ပန်းတိုင်းမရောက်သေးဘူး၊ မကြိုးစားချင်တော့ဘူး၊ ရှုံးတော့မှာပါဘဲကွာ ဆိုပြီး ခြေပစ် လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ့် တိုင်းပြည်ထူထောင်တဲ့ နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူး။ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။ လွတ်လပ်ရေး ရရင်လဲ မြန်မြန်ပြန်ကျွန်ဖြစ်မှာဘဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့တိုင်အောင် ကျွန်မဖြစ်တဲ့ တိုင်အောင်၊ ခုနလို ဖာသယ် လွတ်လပ်ရေးဖြစ်မှာဘဲ။ ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် တက်တယ်ဘာညာနဲ့ တလွဲဆံပင် ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဘို့ဟာတွေဘဲ၊ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေ ကျတော့ အသုံးမချတတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာလဲ အသုံးမချဘူး။ ဗမာပြည်ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာမျိုးမှာလဲ အသုံးမချဘူး။ ဗမာ၊ ဗမာချင်းချဘို့ပဲ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီစိတ်ဓါတ်မျိုး လုံးဝ ဖျောက်ပစ်ဘို့လိုတယ်။ နောက်ဆုံးတစ်နေ့ ပြီးတဲ့ အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်။ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေးရနိုင်အောင် စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်တဲ့ ညီညွှတ်မှုကို ထိန်းသိမ်းပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ထူထောင်မှုလုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက်၊ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား၊ စံစားချင်တယ် ဆိုရင်၊ အလုပ်လုပ်ကြဘို့၊ စည်းကမ်းရှိကြဘို့၊ ယခုကထဲက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောင့်ကျင့်တွေကို ပြင်ကြဘို့လို့ဆိုပြီး ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်။




Read More...

Thursday, July 2, 2009

သန်းရွှေ

ကိုယ်တိုင်လုပ်ထားတဲ့ ဗီဒီယိုလေးပါ။ ကိုယ်သိသလောက်လေးကို တတ်သလောက်လေးနဲ့ ပြုလုပ်ထားတာပါဗျာ။
ကြည့်ရူအားပေးသွားကြပါ။



ကျေးဇူးတင်ပါတယ်

Read More...

Sunday, June 7, 2009

သမိုင်းတုရေးမှာလား သမိုင်းစစ်ရေးမှာလား

မနေ့က ဘလော့တစ်ခုမှ ဖတ်လိုက်မိတာလေးတစ်ခုကြောင့် ကျတော့စိတ်ထဲမှာ အတွေးတစ်ခုဝင်လာခဲ့တယ်။ အဲဒီ့ပို့စ်မှာ စာရေးသူက ပုဂံခေတ်က ကျန်စစ်သားနဲ့ ငရမန်ကန်း တိုက်တဲ့စစ်ပွဲမှာ ကျန်စစ်သားက စောလူးမင်းကို သတ်ပြီးနန်းလုတယ်။ ပြီးတော့ အပြစ်တွေကို ငရမန်ကန်းထံ လွှဲချတယ်။ ဒါကို စောလူးမင်းရဲ့ နို့စို့ဘက် ငရမန်ကန်းက မကျေနပ်လို့ ပုဂံနေပြည်တော်ကို ဝင်တိုက်ထားတယ်လို့ အိပ်မက်မက်ကြောင်း ရေးသားထားပါတယ်။ တကယ်တော့ အိပ်မက်မက်တယ်ဆိုတာကလည်း စာရေးသူက လူအများလက်ခံထားတဲ့ သမိုင်းကို ပြောင်းပြန်ရေးတာကြောင့် ပညာဉာဏ်နဲ့ ရှောင်တိမ်းလိုက်တာပါ။ စာရေးသူ၏ ဆန္ဒတွင် လူတိုင်းရင်ထဲက လေးစားကြသော မင်းကောင်းမင်းမြတ်၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားအောင် လုပ်ပေးခဲ့သည် ကျန်စစ်မင်းကို ချိုးနှိမ်၍ ပြောဆိုလိုခြင်းမဟုတ်မှန်း ကျတော် နားလည်ပါသည်။ စာရေးသူပြောချင်တဲ့ အဓိက ပွိုင့်ကတော့ သမိုင်း ဆိုတဲ့ စကားလုံးပါပဲ။ သမိုင်းဆိုတာကို ဘယ်လိုသတ်မှတ်ကြမှာလဲ။ အဲဒီ့သမိုင်းက ဘယ်လောက်ထိ တာသွားသလဲ။ သမိုင်းအမှန်တစ်ခုဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ။ သမိုင်းဆိုးတွေကို ဘယ်လိုပြောင်းလဲကြမလဲ။ သမိုင်းအစစ်ကို သမိုင်းအတုနှင့် ပြောင်းလဲလို့ရသလား။

ကျတော့အမြင်တစ်ခု ပြောပြချင်ပါတယ်။ အဲဒီ့ခေတ်က သက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်တာကြောင့် စစ်သည်တွေက တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကိုသာ နာခံပါတယ်။ စစ်ပွဲအစမှာတော့ ဘာကြောင့်တိုက်တယ်။ ဘာအတွက်တိုက်တယ်။ ကိုယ့်ဘုရင်နဲ့ သူ့အရှင် ကြားမှာ ဘယ်လို ပြဿနာတွေ ရှိတယ်။ ဆိုတာ မသိကြပေမယ့် တိုက်..... ဆိုတာနဲ့ တိုက်ကြရုံပါ။ တကယ်တမ်း တိုက်ပွဲပြီးသွားတော့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘုရင် ကိုယ့်အရှင် မှားနေစေဦး မှားမှန်းမပြောရဲ ဖြစ်ကြပေလိမ့်မည်။ ဒီ့ပြင်မက စစ်အောင်ပွဲ ခံယူသူ မိမိဘုရင် မိမိအရှင်၏ ကောင်းကွက်ကို ရှာကြံပြောကာ ဖားကြပေဦးမယ်။ အရှင့်မကောင်းကြောင်း ပြောသူကို ကွက်မြက်မည်။ ကောင်းကြောင်းပြောသူကို ချီးမြှောက်မည်။ ပုန်ကန်သူများကို ဖမ်းဆီးအကျဉ်းချမည်။ ပုံစံခွက်တစ်ခု ရိုက်သွင်း၍ သမိုင်းသစ်တစ်ခုကို ရာဇဝင် ကျန်အောင်ရေးသားမည်။ ကျတော်ကြားဖူးသလောက် သက်ဦးဆံပိုင် ဘုရင်တို့တွင် မဖြစ်နိုင်တာ မရှိဖြစ်သည်အထိ စွမ်းဆောင်နိုင်ကြပေသည်။ ကျန်စစ်သားကို အပထားလို့ သမိုင်းတလျှောက်က ဘုရင်ပေါင်းများစွာကို ခြုံငုံကြည့်ကြပါစို့။ သမိုင်းတွင် မကောင်းသော ဘုရင်ကို မကောင်းဘူးဟု ရေးသားကြသည်။ ကောင်းသော ဘုရင်ကို ကောင်းသည်ဟု ရေးသားထားကြသည်။ သို့ရာတွင် ကောင်းသောဘုရင်ကို မကောင်းဘူးဟု ဆို၍သော်လည်းကောင်း၊ မကောင်းသောဘုရင်ကို ကောင်းသည်ဟု ဆို၍သော်လည်းကောင်း သမိုင်းတု (ပြင်ဆင်သမိုင်း) မရှိလေပြီလောဟု ကျတော်တွေးဆမိပါသည်။ ဤစကားကြောင့် သမိုင်းပညာရှင်များ၏ အရည်အချင်းနှင့် သိက္ခာတရားကို ထိပါးစော်ကားသကဲ့သို့ ဖြစ်သွားလျှင် တခါတည်း ဝန်ချတောင်းပန်ပါသည်။ အမှန်တော့ ဤကိစ္စကလည်း ထင်သလောက်တော့ မလွယ်ကူပါ။ သို့သော်.... မဖြစ်နိုင်ဘူးဟု အပြည့်အဝ မထောက်ခံရဲသည်ကား ကျတော့ ရင်ထဲက စကားပါ။

ကျတော်ဤသို့ ပြောရခြင်းအတွက် မခိုင်လုံသော်ငြား ထောက်ပြနိုင်သည့် သက်သေအချို့ရှိပါသည်။ ယနေ့ခေတ် ယနေ့အချိန်တွင် နအဖ၏ စစ်ဖိနပ်အောက် ပြားပြားဝပ်နေကြသည့် ပြည်သူ့ကိုယ်စား ကျတော်ပြောချင်ပါသည်။ ပြည်သူ့သွေး၊ ပြည့်သူ့ချွေးနှင့် ရင်းနှီးကာ ရယူခဲ့သည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မသိသော လူငယ်တွေ တစတစ များပြားလာသည်မှာ ငြင်း၍မရနိုင်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရန် မိုက်ကိုင်ထားသည့် ဓာတ်ပုံကို အဆိုတော်သစ်လားလို့ မေးသူတွေလည်း မယုံနိုင်ဖွယ် ရှိနေပါပြီ။ ဒါတောင်မှ အခုမှ နှစ် ၂၀ ကျော်ရုံသာရှိပါသေးသည်။ ဒီစစ်ဖိနပ်အောက်ကနေ နောက် နှစ် ၂၀ တိုင်အောင် ရုန်းမထွက်နိုင်သေးဘူး ဆိုရင် ကမ္ဘာတုန်အောင် ကျော်ကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် ကျေးဇူးရှင် ပုဂ္ဂိုလ်ထူးကြီးအတွက် ရင်နာစွာ စိုးရိမ်မိပါသည်။ အကျိုးအမြတ် ရလျှင်ပြီးရော ဘာကိုမှ ဂရုမစိုက်သည့် တရုတ်ကလည်း ဒီသမိုင်းတုကို ကူရေးပေးကြဦးမည်။ မြန်မာပြည် တစ်ခေါက်လျှင် အိမ်က မိန်းမအတွက် စိန်တစ်ဆင်ဆာ ရနေသည့် အသားမဲမဲ ကပ္ပလီကလည်း သမိုင်းတုကို လက်မှတ်ထိုးပေးဦးမလား မပြောနိုင်။ ကိုယ်စီးပွားတောင် ကိုယ်နိုင်အောင် မထိန်းနိုင်သေးသည့် လူတွင်ကျယ်များကလည်း သွေးပူတုန်းသာ အသံကောင်း ဟစ်နိုင်ကြပေလိမ့်မည်။ ယခုတောင် ရေးချင်ရာရေး လုပ်ချင်ရာလုပ်ထားသည့် ဖွဲစည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုပြီး သွားကြပြီ။ မကြာမီ ၂၀၁၀ ရွေးကောက်ပွဲအတု ပြုလုပ်ကာ အစိုးရအတုလက်ထဲသို့ အာဏာကို လွှဲပေးကြဦးမည်။ ပြီးလျှင် ကျတော်ပြောသည့် သမိုင်းတုကို ဆက်လက် ရေးသားကြပေဦးမည်။

ပြည်သူ့ကိုယ်စားပဲ ပြည်သူ့တွေကို ပြောချင်ပါသည်။ ကျတော်တို့ ဘာလုပ်ကြမည်နည်း။ စည်းလုံးကြဖို့တော့ လိုပါလိမ့်မည်။ သည်အချိန်မှာ နအဖသာလျှင် ရန်သူဖြစ်ပါသည်။ ကျန်တာအားလုံးက သွေးချင်းတွေ ဖြစ်ကြပါသည်။ ဘယ်နိုင်ငံကိုမှ အားကိုး၍ မဖြစ်နိုင်။ ပြည်သူ့အင်အား ပြည်သူ့ထံတွင်သာ ရှိသည် မဟုတ်ပါလား။ စည်းလုံးစွာ တွန်းလှန်ကြပါစို့။ စည်းလုံးစွာ ကန့်ကွက်ကြပါစို့။ ၂၀၁၀ ရွေးကောက်ပွဲအတု အလိုမရှိ၊ ဖြစ်ပေါ်လာမည့် သမိုင်းအတု အလိုမရှိ။ သမိုင်းစစ် သမိုင်းမှန်ကို အောင်မြင်စွာ ရေးကြပါစို့လား။

မူကြိုလေး
၇-၆-၂၀၀၉

Read More...

Thursday, May 28, 2009

ဘာလဲဘဝ

ဝက်ဆိုဒ်တခုပေါ်မှာတွေ့လို့ ပြန်လည်ဖော်ပြလိုက်တာပါ။စာသားလဲ ထိမိသလို၊ တင်ပြပုံလေးတွေကလဲ တကယ့်
လက်ရှိဖြစ်ရပ်မှန်တွေမို့ သိပြီးသူများလဲ ပြန်လည်မှတ်မိအောင်၊ မသိသေးသူများလဲ သိလာအောင် ပြန်လည်ဖော်ပြလိုက်ပါတယ်ခင်ဗျ။

Read More...

Tuesday, May 26, 2009

အဖွင့်စကား

ကျနော်တို့ ဒီဘလော့လေး လုပ်ချင်နေတာ ကြာပါပြီ။ အခြေအနေ မပေးတာရော၊ အချိန်မရလို့ရယ်ကြောင့် မရေးဖြစ်တာပါ။ မြန်မာပြည်မှာ ဆိုတော့လည်း သိပ်မလှုပ်ရှားရဲတာလည်း ပါပါတယ်။ ခုတော့ ကျနော်တို့ ညီအကိုလို ခင်မင်ကြတဲ့ ၃ယောက်ဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်က လွတ်ရာလွတ်ကြောင်း တနေရာကို ရောက်ရှိ လာကြတဲ့အတွက် ကိုယ်လုပ်ချင်တာ၊ ပြောချင်တာတွေ အကုန်လွတ်လွတ်လပ်လပ်နဲ့ လုပ်ပိုင်ခွင့် ရနေပါပြီ။ ဒီတော့ မြန်မာပြည်မှာထဲက အစလုပ်ထားခဲ့တဲ့ ဒီဘလော့လေးကို ခုမှပဲ စိတ်ရဲ၊ လက်ရဲနဲ့ ကိုယ်ခံစားခဲ့ရတာတွေ ကြုံတွေ့ခဲ့တာတွေကို အရှိကို အရှိအတိုင်း ရဲရဲတင်းတင်း ပြောဆိုလို့ရပါပြီ။

ကျနော်တို့ ဒီဘလော့ကို ရေးမဲ့ ရည်ရွယ်ချက်ကတော့ သာမာန်မြန်မာပြည်သူတွေ ခံစားရတဲ့ ဒုက္ခကို တင်ပြရုံနဲ့ မှတ်တမ်းတင်ရုံ သက်သက်ပါ။ ဒီတော့ အများသိပြီးသားဖြစ်ချင်လဲ ဖြစ်နေပါ့မယ်။ မသိသေးတာလဲ ပါချင်ပါမှာပါ။ ဘာလိုပဲဖြစ်ဖြစ်ပါ အချိန်ကုန်ခံပြီး လာရောက်လည်ပါတ်သူများကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လိုအပ်ခဲ့တာများ ရှိရင် သွန်သင်ညွှန်ပြပေးပါလို့လဲ ပြောကြားလိုပါတယ်ခင်ဗျ။ အမှားများပါခဲ့ရင်လဲ ထောက်ပြဝေဖန်ပေးကြပါ၊ အကောင်းမြင်ဘက်ကပဲဖြစ်ဖြစ်၊ အဆိုးမြင်ဘက်ကပဲဖြစ်ဖြစ်၊ ဝေဖန်မှုအားလုံးကို လေးစားစွာ လက်ခံသွားပါ့မယ်ခင်ဗျာ။

နောက်တခု ပြောချင်တာကတော့ မိမိရဲ့ စစ်အစိုးရနဲ့ ပက်သတ်လို့ ခံစားခဲ့ရတာတွေ၊ မြင်တွေ့ခဲ့တာတွေကိုလဲ အောက်ပါ အီးမေးလ်လိပ်စာကို မိမိလိပ်စာအမှန်နဲ့ မပေးပို့ချင်တောင် တခြားမေးလ်များနှင့်ပေးပို့၍ ၀ိုင်းဝန်းရေးသားနိုင်ပါတယ်ခင်ဗျာ...။ ပေးပို့ကြလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ ရေးသားသူကိုလဲ မဖေါ်ပြပါဘူး ခင်ဗျာ။

ထပ်ပြီးပြောပါရစေ ကျနော်တို့ ဒီဘလော့ရေးတဲ့ ရည်ရွယ်ချက်ကတော့ သာမာန်မြန်မာပြည်သူ၊ ပြည်သားတွေ ခံစားရတဲ့ဒုက္ခကို အသားပေးဖော်ပြမှာပါ။ တစ်ပါတီ ထောင်ခြင်းမဟုတ်သလို၊ တစ်အုပ်စု ဖွဲ့ခြင်းလဲ မဟုတ်ပါဘူး။ စစ်အစိုးရနဲ့ ပက်သတ်လို့ မိမိတို့ခံစားခဲ့ရတာတွေကို မကျေနပ်လို့ ရင်ဖွင့်ရုံသက်သက် ဖြစ်ပါကြောင်း.............။
freedom4urburma@gmail.com

အားလုံးကိုကျေးဇူးတင်စွာဖြင့်
ဗမာကောင်လေး

ကျွန်တော်ကတော့ ရိုးရိုးသာမန် စင်ကာပူမှာ ကျောင်းတက်နေတဲ့ ကောင်လေးတယောက်ဆိုပါတော့ စင်ကာပူမှာ ခံနေရတဲ့ ဒုက္ခ၊ သုခတွေ အပြင် အစိုးရကြောင့် မျက်နှာငယ်ရပုံ ကိုယ့်တွေ့တွေ အပြင် သူငယ်ချင်းတွေရဲ့ ပြောပြတာကိုပါ ကျွန်တော် အမြင်နဲ့ ပေါင်းစပ်ပြီး သဘာဝ အကျဆုံး ရေးသားဖို့ ရည်ရွယ်ပြီး ဒီဘလော့လေးကို သူငယ်ချင်းတွေနဲ့ ပေါင်းစည်းလိုက်တာပါ။ ကျွန်တော်တို့ ညီအကို လိုခင်နေတဲ့ သူငယ်ချင်း ၃ ယောက်က ဘယ် အဖွဲ့ဝင်မှ မဟုတ်သလို ဘယ်သူနဲ့မှလဲ အဆက်သွယ် မရှိပါဘူး။ ရင်ထဲက ခံစားချက်တွေကို တင်ပြချင်ယုံ သပ်သပ်ပါ။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ ကောင်လေးတယောက်ပါပဲ ဒီထပ် ဘာမှ မပိုပါဘူး။ ဒါကြောင့် ကျွန်တော် နာမည်က မောင်ကျောင်းသားလို့ပဲ ခေါ်လိုက်တယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
မောင်ကျောင်းသား

ရိုးရိုးလေး ၂ယောက် ထဲမှာ ကျနော်ကလည်း ရိုးရိုးလေးပါပဲ။ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာတော့မသိပါဘူး။ နိုင်ငံရေးမှာ ကျနော်က မူကြိုပါ။ ကျနော်ကတော့ ကျနော့ဉာဏ်မီတဲ့ Logic သဘောတရားအရ မတရားဘူးထင်ရင် မတရားဘူးပြောမှာပါပဲ။ မမှန်ဘူးထင်ရင် မမှန်ဘူး ပြောမှာပါပဲ။ အတိုက်ခံအဖွဲ့က မှန်တယ် ထင်ရင်လည်း အတိုက်ခံအဖွဲ့ကို မှန်တယ် ပြောမှာပဲ။ စစ်အစိုးရ မှန်တယ် ထင်ရင်လည်း မှန်တယ်ပြောမှာပဲ။ ကျနော် မှားနေရင်လည်း ပြောနိုင်ပါတယ်။ ကျနော့ အသက်အရွယ် အတွေ့အကြုံနဲ့ ယှဉ်ပြီး ဆုံးဖြတ်တဲ့ အမှားအမှန်ကို မှန်ကန်တဲ့ ဘက်က ဆုံးဖြတ်နိုင်မယ်လို့လည်း မထင်ပါဘူး။ ဒါပေမယ့် အမြဲတမ်း အမှားဘက်လိုက်နေတဲ့ စစ်အစိုးရအတွက်တော့ သူတို့ဘက်မှာ ရှိမယ့် အချိန်ကတော့ ကျနော်ကိုယ်တိုင်တောင် မပြောနိုင်ပါဘူး။

လှိုက်လှဲစွာဖြင့်.....
မူကြိုလေး

Read More...